ကမမောင်းမြို့တွင် ရေလွှမ်းခံရသည့်  နေရာများနှင့်  ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်သည့် နေရာများသို့ ကြည့်ရှုစစ်ဆေး

ကမမောင်း သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး သံလွင်မြစ်ရေ တက်ရောက်မှုကြောင့် ရေလွှမ်းခံရသည့် နေရာများနှင့် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်သည့် နေရာများကို ယနေ့နံနက်ပိုင်း၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်   တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအေးမင်း၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး  ဦးသန်းလင်း၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသော ရေ ဘေးကယ်ဆယ်ရေးစခန်းများရှိ  ရေဘေးသင့်ပြည်သူများအား အစားအသောက်နှင့် ရေများ ပေးဝေခဲ့ပြီး ဘေးသင့်ပြည်သူများ အဆင်ပြေစွာနေနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် ရေလွမ်းနေသော မြို့ပေါ်ရပ်ကွက်များအတွင်း မပြောင်းမရွှေ့ရသေးသော      ရပ်ကွက်နေ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိ/မရှိ လိုက်လံကြည့်ရှုခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ လူနာများအား ကြည့်ရှုအားပေးခဲ့သည်။

ကမမောင်းမြို့တွင် ယနေ့နံနက်ပိုင်းအချိန်အထိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတို့တွင် ရေဘေးသင့် အိမ်ထောင်စု(၁၁၀)စု၊ လူဦးရေ စုစု ပေါင်း(၄၉၅)ဦးတို့အား ယာယီပြောင်းရွှေ့ထားလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)