သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်

သံတောင်ကြီး ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အမှတ် (၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်ဝင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက ကျောင်းကျန်းမာရေး အသိပညာပေး   ဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်  ဒေါက်တာ ဇေယျာဦးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ HIV/AIDS အကြောင်း သိကောင်းစရာများ  နှင့် ရောဂါမကူးစက်နိုင်စေရန် ရှောင်ကြဉ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ကျောင်းသူ/ကျောင်းသားများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရ(၃) အုပ်စု အကြောင်းအရာများ၊   တစ်ကိုယ်ရေ သန့်ရှင်းမှုများ ရှိစေရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း သိကောင်းစရာများ  စသည်တို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားအရပ် ၊ ကိုယ်အလေးချိန် တိုင်းတာခြင်း ၊ အရေပြား ၊ သွားနှင့်ခံတွင်းမျက်လုံး၊ နား၊ လည်ပင်းစသည့် ကျန်းမာရေးဆိုင်ရာများကို မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများကို စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများ အခမဲ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

နော်နော်မူ