မင်းလှမြို့နယ် မလွန်ကျေးရွာ၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် သီးနှံအခြေခံ တန်ဖိုးမြှင့်စား‌သောက်ကုန် ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲကျင်းပ

အထက်မင်းလှ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မလွန်ကျေးရွာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်း၌ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံ တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ (၉) ရက်၊ နံနက် ၁၀ နာရီက မလွန်ကျေးရွာ၊ စကြောဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးလင်းထက်အောင်က ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် သင်တန်းတွင်သင်ကြားပေးခဲ့သည့် ဘာသာရပ်များအား လက်‌တွေ့အသုံးချ၍ မိသားစုတွင် အပိုဝင်ငွေရရှိစေရေး ဆက်လက် ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ  ပေးအပ်ခဲ့သည်။

အဆိုပါ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းသို့ မလွန်ကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ဩဂုတ်လ (၃) ရက်နေ့မှ (၉) ရက်နေ့ထိ စာတွေ့လက်တွေ့အခမဲ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)