မိုးညို ဩဂုတ် ၁၁
၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ဖွံ့ဖြိုးရေး (ငါးကဏ္ဍ) စီမံကိန်းကျေးရွာ (ဒုတိယ)အကြိမ်၊ (တတိယ)သက်တမ်းချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြေဇာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်လွင်က မြစိမ်းရောင်ချေးငွေ ထုတ်ချေးပေးရခြင်းအကြောင်းနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ် မြစိမ်းရောင်ကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက မြေဇာကျေးရွာနေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်နိုင်ရန် လူဦးရေ ၁၈၉ ဦးအတွက် ချေးငွေ( ၅၁၇၀၀၀၀၀/- )ကျပ်အား ထုတ်ချေးပေးခဲ့သည်။
အဆိုပါစီမံကိန်းကို အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျော့ချရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အဟာရပြည့်ဝစေရန်၊ လည်ပတ်ရန်ပုံငွေ စနစ်တွင် အဖွဲ့မှသဘောတူသော အတိုးငွေထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်ထူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ကိုမင်း(ပြန်/ဆက်)