မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်ကျောင်း ဆောက်လုပ်သွားမည်

မင်းဘူး ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကျောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေ ၁၆၁ ဒဿမ ၅၄၁ ကျပ်သန်းဖြင့် (ပေ ၉၀ x ပေ ၃၀ x ၁၂ ပေ) အရွယ်အစားရှိ RC တစ်ထပ် စာသင်ဆောင် ပင်မအဆောက်အဦကို ရဲမာန်ဆောက်လုပ်ရေးကုမ္ပဏီနှင့် (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ) အရွယ်အစားရှိ RC တစ်ထပ် စားသောက်ဆောင်နှင့် မီးဖိုဆောင်အပြင် ရေစင်၊ ရေကန်နှင့် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို ခွင့်ပြုငွေ ၁၆၀ ဒဿမ ၉၀ ကျပ်သန်းဖြင့် ချိုဇင်သံသာဆောက်လုပ်ရေးကုမ္ပဏီတို့က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှ စတင်ကာ အသီးသီး တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အဆိုပါ သင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပါက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲများနှင့် တောင်သူပညာပေးခြင်းလုပ်ငန်းများကို တစ်နေရာထဲတွင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း­­ သိရသည်။

မောင်မောင်(မင်းဘူး)