ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများဝင်ရောက်

ပဲခူး သြဂုတ် ၁၀

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ(၉)ရက်နေ့ညနေပိုင်းတွင် ပဲခူးမြို့၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိလာနေပြီး ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေများဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်များမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၄၈၀)စု၊ လူဦးရေ(၁၉၈၆)ဦးတို့အား ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အ.ထ.က(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဇောင်းတူကျေးရွာသာယာကုန်း(ခရစ်ယာန်ကျောင်း)နှင့် လက်ပံရွာစာသင်ကျောင်း၊ မုန်တိုင်းကျေးရွာမုန်တိုင်းဘုန်းကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာ ဘုရားကုန်းဘုရားဝန်း၊ ဥဿာ(၇)ရပ်ကွက် ပညာမွန်ကျောင်းနှင့် ဒက္ခိဏသာခါကျောင်း၊ ကလျာဏီရပ်ကွက် ကလျာဏီသိမ်အစရှိသည့် ယာယီရေဘေးရှောင်စခန်း(၁၂)ခုသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များက ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်