ကျောက်ကြီး သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် ဒေါက်တာ ခင်မောင်ညိုရေးသားထားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နေ့လယ် ၁ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိမွန်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် (Youth Club)အဖွဲ့ဝင်များက ဒေါက်တာ ခင်မောင်ညို ရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်တွင်ပါရှိသည့် လူငယ်နှင့်အမှား၊ လူငယ်နှင့် အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်လူမှုရေးအတွေးများ၊ လူငယ်နှင့်ဒဿန စသည့် ခေါင်စဥ်များဖြင့် ယနေ့ကျောင်းသားလူငယ်များ၏ အတွေးအမြင်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး အဆိုပါ စာဖတ်ဝိုင်းအား (Youth Club)အဖွဲ့ဝင်များနှင့် ကျောင်းသား ကျောင်းသူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)