မုံရွာတက္ကသိုလ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုင်ကြားမှု ယန္တယားအား ပြည်သူသို့ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မုံရွာ၊ ဩဂုတ် ၉

မုံရွာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတို့ ကြီးမှူးကျင်းပပြုလုပ်သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တယားအား ပြည်သူသို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမေက္ခချုပ်ကြီး ဒေါက်တာအောင်ကျော်သင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တယားအား ပြည်သူသို့ အသိပညာပေး” လုပ်ငန်းစဥ်များထဲမှ ကျား/မ အခြေပြု အကြမ်းဖက်မှု (GENDER BASED VIOLENCE) တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သဘာဝဘေးအန္တရာယ် ဆောင်ရွက်ချက်များအား လည်းကောင်း ပရိုဂျက်တာများဖြင့် ရှင်းလင်းပြသကာ အသိပညာပေး ဟောပြောခဲ့ကြပြီးနောက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုနှင့် စပ်လျဥ်းသည့် Video Clip အား ပြသ၍ အသိပညာပေးဟောပြောခဲ့ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်း ဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မုံရွာတက္ကသိုလ် ပါမေက္ခချုပ်ကြီး ဒေါက်တာအောင်ကျော်သင်နှင့်အတူ တက်ရောက် လာကြသော ဒုတိယပါမေက္ခချုပ်၊ ပါမေက္ခဌာနမှူးကြီးများနှင့် ပါမေက္ခများ တာဝန်ရှိသူများတို့က အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ပါမေက္ခချုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား လူမှုဝန်ထမ်း ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ဝေသော မိုးခေါင်ရေရှားပညာပေး၊  ဆူနာမီပညာပေး၊ မုန်တိုင်းဘေးပညာပေး၊ မီးဘေးပညာပေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်၊ ပညာပေး၊ မြေပြိုခြင်းပညာပေး၊ ငလျင်ဘေးပညာပေး၊ လေပြင်းဘေး ပညာပေး၊ ရေဘေးပညာပေးစသည့် ဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်(၉)မျိုးကို လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)