သာယာဝတီ ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား၊ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)မှ ဒေါ်တင်မိုးထွဋ်က မုဒိတာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ဦးဆောင်ဆွေးနွေးကာ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)မှ ကျောင်းသား၊ ကျောင်းသူ (၅)ဦးတို့က လူငယ်နှင့်အနာဂတ်၊လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၀၀) ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သန့်ဇော်