ဝေါမြို့နယ်၌ မြို့နယ်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

ဝေါ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲကို သြဂုတ်လ(၉)ရက်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝေါမြို့နယ်ကျောင်းကျန်းမာရေးကော်မတီနာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အ.ထ.က(ဝေါ)မှ ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြတင်ဆက်ပြီး အ.ထ.က(ဝေါ)ကျောင်းမှ (Grade-1) ကျောင်းသား၊ ကျောင်းသူလေးများက လက်ဆေးကြမယ် ကျန်းမာရေးအသိပညာပေးတေးကဗျာဖြင့် သရုပ်ပြတင်ဆက်ခြင်း၊ အ.ထ.က(ဝေါ)ကျောင်းမှ (Grade-5) ကျောင်းသား၊ ကျောင်းသူများက ကျန်းမာပျော်ရွှင်ပညာသင်ဖို့ Fitness Dance ကို ကစားစို့ဟူသော သီချင်းဆိုလှုပ်ရှားအားကစားဖြင့် Fitness Dance ဖြင့် သရုပ်ပြတင်ဆက်ပေးခဲ့ကြသည်။

ထို့နောက် ဝေါမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ၂၀၂၃ ခုနှစ်တွင် ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းထူးချွန်ဆုကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တွင် ဆုရရှိသော အခြေခံပညာကျောင်းများနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆိုင်ရာ စာစီစာကုံးပြိုင်ပွဲတွင်ဆုရကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)