ကန့်ဘလူ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးရေး နည်းပညာပေးစင်တာ၌ အရေးကြီးသီးနှံ ၁၀မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးအောင်က နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးစပါး တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စိုက်ပျိုးတောင်သူများအား ထောက်ပံ့ ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ စူပါ EM ဘိုကာရှီပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး ဖော်စပ်ပြုလုပ်ပုံနှင့် စပါးခွံပေါင်းခံရည် ထုတ်လုပ်ပုံအဆင့်ဆင့်ကို စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများက လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှုး ဦးစိုးအောက်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူးဦးမျိုးဇော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာများမှသင်တန်းသား/သင်တန်းသူ ၃၀ ဦးနှင့် ဝန်ထမ်းသင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)