​ကျောက်တံခါးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေ

​ကျောက်တံခါး အောက်တိုဘာ ၁၄

ပဲခူးခရိုင်၊ ​ကျောက်တံခါးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် နှာခေါင်းစည်း(Mask)များအား ယမန်နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် ရပ်/​ကျေးစာ​​ရေးများ၊  မြို့မ​စျေးအတွင်းရှိ ပြည်သူများအား နှာ​ခေါင်းစည်း များ လက်ဝယ်အ​ရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင် ကျောက်တံခါးမြို့နယ် ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်နှင့် ဝန်ထမ်းများ က မြို့နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမရှိ​စေ​ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား​သည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ​ဆောင်ရွက် ကြရန်နှင့် နေအိမ်အပြင်ထွက်ပါက မဖြစ်မ​နေ နှာ​ခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပညာ​ပေး​ပြောကြားပြီး lDDRRLOGO အမှတ် တံဆိပ်ပါ နှာ​ခေါင်းစည်း(၁၀၀)ခုနှင့်Surgical  Mask(၅၁၄)ခုအား အခမဲ့ဖြန့်​ဝေခဲ့ကြသည်။

စန်းစန်း(ပြန်/ဆက်)