ဇီးကုန်းမြို့နယ်၌ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်

ဇီးကုန်း သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တာထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က အသက် ၆ လမှ (၅) နှစ်အထိ ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ မျက်စေ့အားဆေး ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးပြီး ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါ အာဟာရမှုန့်များကိုပေးခဲ့ကြသည်။

 အလားတူဆောင်ရွက်ခြင်းကို ကျန်းမာရေးဌာနမှ အဖွဲ့များခွဲ၍ အမှတ်(၃)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ဩဂုတ်လအတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အနေဖြင့် ပထမပတ်တွင် အသက် ၅ နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့်ဗီတာမင်အေ တိုက်ကျွေးခြင်း၊ ဒုတိယပတ်တွင် နို့တိုက်မိခင်များ မိခင်နို့တိုက်ကျွေးရေး လှုပ်ရှားမှုဆောင်ရွက်ခြင်း၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးအတွက် အာဟာရ ထောက်ပံ့ခြင်းနှင့် စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ (ပြန်\ဆက်)