ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မန္တလေး ကားလမ်းရေကျော်နေပြီး ယာယီရေဘေးရှောင်စခန်း (၁၃)ခု ဖွင့်လှစ်ထားရှိ

ပဲခူး   သြဂုတ်   ၁၀     

ပဲခူးမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် (၈၈၀)စင်တီမီတာအား ကျော်လွန်ပြီး (၉၃၇)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။     

ရန်ကုန်-မန္တလေး ကားလမ်းရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင်ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်းသွားလာနေသည့် ယာဥ်များ၊ လူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     

ရေများဝင်ရောက်လျက်ရှိသည့် မြေနိမ့်ပိုင်း ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဇောင်းတူကျေးရွာ သာယာကုန်း (ခရစ်ယာန်ကျောင်း)၊ လက်ပံရွာစာသင်ကျောင်း၊ မုန်တိုင်းကျေးရွာ မုန်တိုင်းဘုန်ကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာ ဘုရားကုန်းဘုရားဝန်း၊ ဥဿာ(၇)ရပ်ကွက် ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်း၊ ကလျာဏီရပ်ကွက် ကလျာဏီသိမ်နှင့် ဇိုင်း/မြောက် အထက(၄) တို့တွင် နေထိုင်နိုင်ရေးအတွက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၁၃)ခု ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများ ကူညီထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)