ပဲခူးမြို့တွင် မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အနိမ့်ပိုင်းနေရာများ၌ ပဲခူးမြစ်ရေများဝင်ရောက်လျက်ရှိ

ပဲခူး သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ကျွန်းသာယာမြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ကလျာဏီရပ်ကွက်တို့အတွင်း ရေဝင်ရောက်လျက်ရှိပြီး၊ ပဲခူးမြစ်ရေသည် ဩဂုတ်လ ၉ ရက် နေ့လယ် ၁၂ နာရီ ၃၀ အချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၈၀စင်တီမီတာအထက် ၈၉၆ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၁၆ စင်တီမီတာ ကျော်လွန်လျက်ရှိကြောင်း သိရသည်။

မြစ်ရေကြီးမှု အန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အရန်သင့်စီစဉ်ထားရှိကြောင်းနှင့် လက်ရှိတွင် မြစ်ရေများအဆတ်မပြတ်ဝင်ရောက်လျက်ရှိသော ကွက်သစ်မှ အိမ်ထောင်စု (၄၀) စု ကျား (၆၃)ဦး မ(၉၉)ဦး၊ အုတ်ကျင်းမှ အိမ်ထောင်စု (၂၄)စု ကျား (၄၉)ဦး မ(၅၆)ဦး၊ ကုန်းပေါ်တန်းမှ အိမ်ထောင်စု (၆)စု ကျား (၁၅)ဦး မ(၂၈)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၇၀)စု ကျား (၁၂၇)ဦး မ (၁၈၃) ဦးတို့အား ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ထားရှိပြီးဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)