ဂန့်ဂေါ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများပေါ်ထွန်းစေရန် ရည်ရွယ်၍ ဩဂုတ် ၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ အ.လ.ကမြောက်ကုန်း ကျောင်းအစည်းအဝေးခန်းမ၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ကျောင်းသားကျောင်းသူများ ပညာဉာဏ်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာသော လူတော်လူ ကောင်းများ ဖြစ်စေရန်အတွက် ကျောင်းပညာသင်ယူချိန်၌ ကြိုးစားသင်ယူကြရန်၊ ဆရာ/ဆရာမများ၏ ဆိုဆုံးမစကားများကို လေးစားလိုက်နာကြရန်နှင့် ကျောင်းချိန်ကိုလည်း မပျက်မကွက်တက်ရောက်ကြရန်တို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲအုပ်အောင်ဇော်မင်းကယာဉ် အန္တရာယ်ကင်းရှင်းရေးဆင်ခြင်သတိပြုရမည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများကို လိုက်နာကြရန်နှင့် ပျက်ကွက်ပါက အရေးယူခံရမည့် ဥပဒေအကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး ဂန့်ဂေါမြို့နယ် မြို့မစခန်းဒုတိယရဲမှူး လှဇော်ဝင်းကလူကုန်းကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ လက်တွေ့နယ်ပယ်တွင် ဖြစ်စဉ်များအားသာဓကပြု၍ စုံစမ်းဖော်ထုတ်ပြီးလုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဂန့်ဂေါခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးဆိုတဲ့ အဓိပ္ပာယ်နှင့် မူးယစ်ဆေးဝါး အဓိကအုပ်စုကြီး(၃)မျိုးကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ဥပဒေ အရာရှိ ဒေါ်စိုးမြင့်ခိုင်က ကျောင်းသား/သူများ စည်းလုံးညီညွာစွာဖြင့် ပညာသင်ယူကြရန်၊ ခိုက်ရန်ဖြစ်ပွားပါက ဖြစ်စဉ်အပေါ်မူတည်ပြီးအရေးယူခံရမည့် ဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်/ဆက်ဝန်ထမ်းများက မူးယစ်ဆေးဝါး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် အခမ်း အနားသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်းသိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)