တမူးမြို့နယ်တွင် ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးသန့်မျိုးစေ့ထုတ် (ဧရာမင်း) မျိုးစပါး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်​ပြ စိုက်ပျိုး

တမူး သြဂုတ် ၉  

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ရာသီဥတု ဒဏ်ခံနိုင်သည့် မျိုးသန့် မျိုးစေ့ထုတ် ( ဧရာမင်း) မျိုးစပါး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်​ပြ စိုက်ပျိုးခြင်းကို သြဂုတ်လ (၇) ရက်နေ့ နံနက်(၈) နာရီအချိန်က တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုးလွင်၏ ကွင်းအမှတ် ၂၅၃ ၊ဦးပိုင်အမှတ် (၃၀၃)ရှိ (ဧရာမင်း) စပါးမျိုးစေ့ထုတ် စိုက်ကွက်(၂) ဧကတွင်   စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အကူအညီဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရာတွင် ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ( ၂၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး တမူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်မြတ်မြတ်စိုး ကမိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးရာတွင် ဒေသရေမြေနှင့် ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သည့် ( ဧရာမင်း) စပါးမျိုး ရွေးချယ်၍ စိုက်ပျိုးခြင်း​ဖြစ်​​ကြောင်း၊ စိုက်စနစ်မှန်ကန်​ရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ မျိုးကွဲများ တွေ့ရှိက နှုတ်ပယ်ရေး၊ သွင်းအားစု အချိန်မှန် ထည့်သွင်းအသုံးပြုရေးတို့ကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။

တမူးမြို့နယ်တွင် မိုးစံပါး  မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာမည့် မျိုးစပါးများကို မိမိတို့ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရတနာ