နတ်တလင်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် မှာယူထားသည့် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်း ကောက်စိုက်စက် (လက်ဆွဲ)ဖြင့် ရက်(၉၀) စပါးမျိုး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို သြဂုတ် ၇ ရက်နေ့လယ် ၂နာရီ အချိန်က ကျခတ်ဝါးရုံကျေးရွာအုပ်စု ကွင်းအမှတ်(၂၅၉) တောင်သူ ဦးမြင့်ကြိုင်၏ လယ်မြေ (၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး(ပြည်)ဦးစန်းလွင်၊ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ခရိုင်အတွင်းရှိ တောင်သူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမှ ကောက်စိုက်စက် (လက်ဆွဲ) အသုံးပြုပုံ အချက်အလက်များအား video clip ဖြင့် ရှင်းလင်းပြသခဲ့ပြီး လက်တွေ့ကွင်း သရုပ်ပြသ ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)