လက်ပံတန်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ည ၁၁ နာရီက မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ဂွေးတောက်ကွင်းအုပ်စုနှင် နဘဲကွင်းအုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာအုပ်စုတွင် နေအိမ် ၁၅လုံး အမိုးလန်ပျက်စီးခြင်းနှင့် 230kv ပင်မဓာတ်အားပေးတိုင်ပြိုလဲခြင်း၊ နဘဲကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် အိမ်ခြေ ၄၅ လုံး ပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထိခိုက်ပျက်စီးသည့်ကျေးရွာများသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)