ကျောင်းသား၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော

တောင်တွင်းကြီး ဩဂုတ် ၉

ကျောင်းသား၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁နာရီက တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်နီလာဝင်းက ကျောင်း‌သား၊ ကျောင်းသူများအား ပတ်ဝန်းကျင်၏အဓိပ္ပါယ်၊ ပလတ်စတစ်ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ်ကို တွင်ကျယ်စွာ အသုံးပြုနေကြသည့် အကြောင်းအရင်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ပလတ်စတစ်ပစ္စည်းများ လျော့ချသုံးစွဲနိုင်မည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် မေးခွန်းများအား ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်မေးမြန်း၍ အဖြေမှန်သူများကို ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာသည့် အမှတ်(၉၀)၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)မှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)