ချောင်းဦး သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ သြဂုတ် ၇ ရက်နေ့က မိုးစပါးစိုက် တောင်သူများအား ဖိတ်ကြားပြီး စပါးပျိုးသက်နု ကောက်ကွက်ကြဲ စပါးအစွမ်းဖွင့် စိုက်နည်းစနစ် SRIစနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်နည်း လက်တွေ့သရုပ်ပြသကာ စိုက်ပျိုးရေး နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်တွေ့သရုပ်ပြသပွဲသို့ ကျေးရွာအုပ်စု ၇အုပ်စုမှ တောင်သူ ၂၅ ဦးခန့် လာရောက်၍ SRI စနစ်ဖြင့် ပျိုးထောင်နည်းအား လေ့လာကာ ကိုယ်တိုင်ပျိုးထောင်ခဲ့ပြီး လည်းကောင်း ပျိုးပင်များအား ဘူတာကျေးရွာ တောင်သူ ဒေါ်ငြိမ်း၏လယ်တွင် ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ မျိုးစေ့နှုန်းထား သက်သာစေရန်၊ ရေလိုအပ်ချက် လျော့ချသုံးစွဲနိုင်ရန်၊ အိမ်တွင်ပျိုးထောင်ပြီး အလွယ်တကူ သယ်ယူစိုက်ပျိုးနိုင်ရန်၊ ပျိုးနှုတ်စရိတ် သက်သာစေရန်၊ စပါးအထွက်နှုန်း တိုးစေရန် ရည်ရွယ်ပြီး လက်တွေ့ပျိုးထောင် ပြသရခြင်းဖြစ်ကြောင်း၊ SRI စနစ်ဖြင့် စိုက်ပျိုးသည့်အတွက် မျိုးစေ့ဖိုး တဧက နို့ဆီဘူး ၁၀ဘူးခန့်သာ သုံးစွဲရသည့်အတွက် မျိုးစေ့ဖိုးစရိတ် သက်သာခြင်း၊ ပျိုးသက် ၁၀ရက်မှ ၁၅ရက်သားတွင် ပြောင်းရွေ့စိုက်ပျိုးနိုင်ခြင်း၊ ပျိုးပင်များကို အလွယ်တကူ သယ်ယူစိုက်ပျိုးနိုင်ပြီး ပျိုးနှုတ်ခ သက်သာခြင်း၊ ရေသွင်းရေခမ်း စနစ်ကို ကျင့်သုံးရသဖြင့် စိုက်ပျိုးရေ ချွေတာသုံးစွဲနိုင်ခြင်း၊ အပင်ပွါးအားကောင်းပြီး အပင် ယိုင်လဲမှုဒဏ်ခံနိုင်ခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု လျော့နည်းခြင်း၊ အစေ့အလေးချိန်တိုးပြီး စပါး အထွက်ကောင်းခြင်းစသည့် အကျိုးကျေးဇူးများ ရမှာဖြစ်ကြောင်း ဆွေးနွေးရှင်းပြခဲ့သည်။
တက်ရောက်လာသည့် တောင်သူများမှလည်း မရှင်းလင်းသည်များကို မေးမြန်းပြီး စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများမှ ပြန်လည်ရှင်းပြ ဆွေးနွေးကာ စိုက်ပျိုးနည်းပညာများ ဆွေးနွေးပညာ ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)