ကျုံပျော် ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေး၊ နယ်မြေအေးချမ်းသာယာ၍ ဘေးကင်းလုံခြုံစွာ သွားလာနိုင်စေရန် ရည်ရွယ်၍ စစ်ဆေးခြင်းကို ကျုံပျော်မြို့ အဝင်နေရာများဖြစ်သည့် အင်းရဲလမ်းဆုံ၊ ပန်းခြံထိပ်နှင့် ရွှေနံ့သာ လမ်းဆုံတို့တွင် ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ ပူးပေါင်း၍ မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ် ပါရှိရေး၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်များ ပါရှိရေး၊ တုတ်၊ဓါး၊လက်နက်များ ယူဆောင်သွားလာမှုမပြုရေးနှင့် ဗုံး၊မိုင်းတို့သယ်ယူခြင်း ရှိ/မရှိကို စနစ်တကျပိတ်ဆို့ စစ်ဆေးပြီး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ အရေးယူခြင်း၊ ထော်လာဂျီယာဉ်များအား ရောင်ပြန်စတစ်ကာများတပ်ရန်အသိပေးခြင်း၊ ယာဉ်တွင် ပါရှိရမည့် မီးများစုံလင်စွာတပ်ဆင်ရေး အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျုံပျော်မြို့နယ်အတွင်း ယာဉ်စည်းကမ်း အသိပညာပေးမှုများကြောင့် ယာဉ်မတော်တဆမှု လျော့နည်းခဲ့ပြီး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်သောကြောင့် အသက်အန္တရာယ်ထိခိုက်မှု အထူးနည်းပါးခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)