မြို့သစ်မြို့ နွေစပါးစိုက်တောင်သူများ ရိတ်သိမ်းချိန်စပါးဈေးနှုန်းကောင်းရရှိ

မြို့သစ် သြဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး ရိတ်သိမ်းရောင်းချချိန်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယခင်နှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးလျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ရာ ဒေသခံတောင်သူများအတွက် တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံများပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အထွက်နှုန်းကောင်းသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးအားဖြည့်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေဖူလုံစွာရရှိသည့်အပြင် တစ်ဧကအထွက်နှုန်းလည်း တိုးတက်ခဲ့ကြောင်း ရိတ်သိမ်းရောင်းချချိန်တွင် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၄ သိန်းကျော်အထိ ရရှိခဲ့ကြောင်း၊ သွင်းအားစုဈေးနှုန်းများ ငှားရမ်းအသုံးပြုခ ဈေးနှုန်းစျေးများ မြင့်တက်ခဲ့သော်လည်း စပါးဈေးနှုန်းကောင်းမွန်စွာရရှိခဲ့သဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း ဒေသခံနွေစပါးစိုက်တောင်သူထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)