အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းစိုက်ခင်းများ ​အောင်မြင်ပြီး စျေးကောင်းရရန် ဒေသခံ တောင်သူများ မျှော်လင့်နေ

ကန့်ဘလူ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း စိုက်ခင်းများနှင့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံ တောင်သူများအနေဖြင့် စျေးကောင်းရရန်လည်း မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း ၁၃၆၆၂၄ ဧကနှင့် ဖူးစားပြောင်း ၆၈၁ ဧက လျာထားပြီး မေလကုန်ပိုင်းက စတင်စိုက်ပျိုးခဲ့ရာတွင် ယနေ့အထိ အစေ့ထုတ်ပြောင်း ၈၈၄၉၉ ဧကနှင့် ဖူးစားပြောင်း ၆၇၅ ဧက စိုက်ပျိုးပြီးကြောင်း၊ မိုးသီးနှံ ပြောင်းစိုက်ပျိုးရာတွင် မိုးကြီးပြီး ရေဝပ်ခြင်းကို မကြိုက်၍ မိုးစိုက်ပြောင်းကို မေလအစိုဓာတ်ရှိ ချိန်စိုက်ပါမှ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွင် အပင်ကြီးဖြစ်ကာ မိုးများ ဒဏ်ခံနိုင်မှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြောင်းစိုက်ပျိုးရာတွင် ဒေသအလိုက် သင့်တော်သော အထွက်ကောင်းမျိုးများကို စိုက်ပျိုးကြပြီး အပင်ဖြစ်ထွန်းချိန်အလိုက် ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ ဘက်စုံသီးနှံကာကွယ်ရေး စနစ်ဖြစ်သည့် သဘာဝပိုးပြေးဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ကွင်းဝန်ထမ်းများက တိုက်နယ်အလိုက် ကွင်းဆင်းကာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးသီးနှံ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းများ လျာထားချက် ပြည့်မီကျော်လွန်စေရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)