နတ်မောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

နတ်မောက် ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေက ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်နှင့် ဖောလစ်အက်ဆစ်ဆေးပြားကို ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီး အနည်းဆုံး (၃)လ ဆက်လက်သောက်သုံးရန်၊ သံဓာတ်စုပ်ယူမှုကောင်းစေရန် သံဓာတ်ပါ ဆေးပြားများကို ထမင်းစားပြီး သောက်သုံးရန်၊ ကိုယ်ဝန် (၉)လမှ မီးဖွားပြီး (၃)လအထိ ဗီတာမင်ဘီ-၁ ဆေးသောက်သုံးရန်၊ ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားကို အမြဲသုံးခြင်းနှင့် မီးဖွားပြီး (၆)ပတ် အတွင်း ဗီတာမင်အေဆေးလုံး သောက်သုံးရန် စသည့်အကြောင်းအရာများကို တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင်တို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက်  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဆရာမများက တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင် မိခင် (၂၁)ဦးတို့အား ကြက်ဥ၊ ငှက်ပျောသီး၊ ကွေကာထုပ်၊ အိုင်အိုဒင်းဆားနှင့် ဆေးပစ္စည်းများအား ကိုယ်ဝန်ဆောင်မိခင်  တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း