သဲကုန်း သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက သဲကုန်းမြို့နယ် ကန်တော်မင်္ဂလာရပ်ကွက် တည်သီးပြင်ဓမ္မာရုံတွင် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံမှ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက်အသိပညာပေး သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ၊လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇)အမည်ပြောင်းလဲလျှောက်ထားခြင်း၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စာသုံးသူများအခွင့်အရေး စသည်တို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ဒေသခံတောင်သူ ၂၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)