ပေါက်ခေါင်းမြို့ အ.ထ.က(အိုးဘိုကုန်း)၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ပေါက်ခေါင်း ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း (အိုးဘိုကုန်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအေးလှိုင်က ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ဓမ္မသော်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းဇော်က ကျောင်းကျန်းမာရေးသီတင်းပတ်၏ အဓိကလုပ်ငန်းများဖြစ်သော ကျောင်းအခြေပြု အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားဆောင်ရွက်မှု အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးအေးလှိုင်နှင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု နံရံကပ်၊ ပန်းချီ၊ ပိုစတာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)