ဝန်းသိုမြို့နယ်၌ မိသားစုတစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အဆင်ပြေလျက်ရှိ​ကြောင်းသိရ

ဝန်းသို အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆေးခင်းခုံကျေးရွာ၌ မြစိမ်းရောင် ကျေးရွာ စီမံကိန်းချေးငွေရယူပြီး မိသားစု တစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေ အောင်မြင်လျက်ရှိကြောင်း အဆိုပါကျေးရွာနေ ဒေါ်အေးအေးမြင့်ထံမှ သိရှိရသည်။

“အရင်ဆုံးနှစ်မှာ ငွေကျပ် ၆သိန်းချေးခဲ့ပါတယ်၊ ပထမဆုံးနှစ်ဆိုတော့ ဘာလုပ်ငန်းလုပ်ရမလဲ မသိခဲ့ဘူး၊ အရင်းနဲ့အမြတ်နဲ့က လုံးချာလိုက်နေခဲ့တာ၊ ဒုတိယနှစ်မှာချေးငွေနဲ့ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူ ရေးကို စလုပ်ခဲ့တယ်၊ အသားတိုးဝက်မွေးတယ်၊ သားဖောက်လို့မွေးတယ်၊ ဈေးရောင်းပြီးတော့ ဝက်ထဲကို ထည့်တယ်၊ အဆင်ပြေလာခဲ့တယ်၊ စီမံကိန်းကရတဲ့ချေးငွေကို ဒီအတိုင်း သုံးစားပစ်လိုက်ရင်တော့ မတိုးပွားခဲ့ ဘူးပ၊ အခုဆို စီမံကိန်းက(၆)နှစ်ရှိသွားပြီ၊ ကျမအိမ်မှာလည်း လျှပ်စစ်မီး၊ ရေခဲသေတ္တာ၊ ရွေထည်အပြင် ဈေးဆိုင်မှာလည်း ပစ္စည်းလေးတွေကို ပြည့်ပြည့်စုံစုံတင်ခဲ့နိုင်တယ်၊ ကလေးတွေရဲ့ပညာရေးကိုလည်း ပူစရာ မလိုတော့ဘူး ထောက်ပံ့ပေးနိုင်တယ်၊ ကျေးရွာကလည်း ယုံကြည်လို့ ကျမကိုစီမံကိန်း ကော်မတီအဖွဲ့ထဲမှာ  တာဝန် ပေးထားပါတယ်၊ အဲ့ဒါကြောင့် ဒီစီမံကိန်းဆောင်ရွက်ပေးတဲ့ ကျေးလက်ဦးစီးဌာနကို အရမ်းကျေးဇူး တင်ပါတယ်”ဟု စီမံကိန်းချေးငွေဖြင့် လုပ်ငန်း ဆောင်ရွက်နေသူ ဒေါ်အေးအေးမြင့်က ပြောသည်။

ကျေးလက်နေပြည်သူများ၏ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသော မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလန်းနဲ့ မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း၃၀၀စီဖြင့်  အကောင် အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိရာ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၃၅) ရွာတွင် ယူနစ်ပေါင်း (၂၁) ယူနစ်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း မြို့ နယ် ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)