တနင်္သာရီတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ

ထားဝယ် ဩဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က  မြန်မာနိုင်ငံလူဦးရေ၏ ခန့်မှန်း(၁၀)ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရန်နှင့် ၄င်းတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိနိုင်စေရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်လည်းကောင်း၊ နည်းဥပ‌ဒေကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင်လည်းကောင်း အတည်ပြုပြဌာန်းခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အို များ၏ ဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးအရ ရိပ်သာအခြေပြု စောင့်ရှောက်ရေးလုပ်ငန်းစဉ်အဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ စေတနာရှင်များမှ ကိုယ်ထူကိုယ်ထ တည်ထောင်၍ ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာများကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ လိုအပ်သော နည်းပညာအကူအညီများပေးခြင်း၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ရွာအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းအဖြစ် သက်ကြီး ရွယ်အိုများ ဦးဆောင်ပါဝင်သော လူမှုအားမာန်အဖွဲ့များကို  ကျေးရွာအဆင့်ဖွဲ့စည်းပြီး ကဏ္ဍကြီး (၃) ရပ်ဖြစ်သော ကျန်းမာရေးနှင့်ပြုစုစောင့်ရှောက်မှုကဏ္ဍ၊  အသက်မွေးကျောင်းကဏ္ဍ၊ လူမှုရေးနှင့်ကာကွယ်စောင့်ရှောက်ခြင်း ကဏ္ဍများကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း လူမှုအားမာန်အဖွဲ့(၅)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက  သက်ကြီးရွယ်အိုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေနွေးတင်ပြချက် များအပေါ်တွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)