မကွေး သြဂုတ် ၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သြဂုတ်လ ၇ ရက် ယနေ့နံနက် ၉ နာရီက စားဖိုဆောင်သီးနှံ (ကြက်သွန်၊ အာလူး) တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦတင့်လွင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာလူး၊ ကြက်သွန်နီစိုက် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးမြေ၊ စိုက်ပျိုးရေ၊ လူသားအရင်းအမြစ်နှင့် သင့်တင့်ကောင်းမွန်သော ရာသီဥတုစသည့် ရေခံ၊မြေခံနှင့် အခြေခံကောင်းများ၊ သဘာဝ အရင်းအမြစ်များရှိနေပြီး အဓိကသီးနှံများအပြင် အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှာ ဧရိယာအားဖြင့် (၃၇၉၃၁)ဧကနှင့် အာလူးသီးနှံကိုမြို့နယ် (၉)မြို့နယ်တွင် ဧရိယာအားဖြင့်(၆၇၂)ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး၊ ယင်းသီးနှံတို့ကို နည်းစနစ်တကျနှင့် ထိထိရောက်ရောက် ပိုမိုထုတ်လုပ် နိုင်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့်လည်း ကြက်သွန်နီသီးနှံနှင့် အာလူးသီးနှံတို့ကို ပိုမိုစိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းတိုးတက်ကာ ဝင်ငွေများ တိုးပွားရရှိစေမှာ ဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်အသီးသီးမှ တက်ရောက်လာသည့် ကြက်သွန်နီစိုက်တောင်သူများနှင့် အာလူးစိုက်တောင်သူများမှ ကြက်သွန်နီသီးနှံနှင့် အာလူးသီးနှံတို့ကို စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်သွန်နီသီးနှံနှင့် အာလူးသီးနှံတို့ကို စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်မှု အခြေအနေများကို သိရှိခဲ့ရပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့်လည်း ဓါတုဆေးသုံးစွဲမှုများ နည်းစနစ်မှန်ကန်စွာ အသုံပြုစေရေး၊ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ Good Agricultural Practice(Gap)စနစ်သို့ ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ကြစေလို ကြောင်းနှင့် ထွက်ရှိလာတဲ့ သီးနှံများကိုလည်း နိုင်ငံခြားပိုကုန်သီးနှံအဖြစ်ရရှိစေရေး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ အခြားလိုအပ်သည်များကို မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မောင်ညီညာ