တနင်္သာရီ ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးများသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့၏ တနင်္သာရီမြစ်ရေသည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ မြင့်တက်လာပြီး ဩဂုတ်လ ၇ ရက်နေ့ ညနေ၆နာရီအချိန် ဆိပ်ခံတံတားရေမှတ်တိုင်တွင် တိုင်ထွာချက်အရ တနင်္သာရီမြို့စိုးရိမ်ရေအမှတ် (၁၇)ပေထက် (၁ပေ-၅လက်မ)ကျော်လွန်၍ (၁၈ပေ-၅လက်မ)အထိ ရောက်ရှိနေပြီဖြစ်ရာ မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာ/ကျေးရွာများတွင် မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မြစ်ရေမြင့်တက်နေမှုကြောင့် ဩဂုတ်လ၇ရက်နေ့ ညနေ(၄)နာရီအချိန်က အနိမ့်ပိုင်းနေရာ များတွင်နေထိုင်သည့် ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဘန်းသဲကျေးရွာမှ အိမ်ထောင်စု(၂၂)စုရှိ ကျား(၅၈)ဦး+ မ(၅၈)ဦး၊ ပေါင်း(၁၁၆)ဦးသည် ဘန်းသဲဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ကျောက်တလုံးကျေးရွာ အုပ်စု-မြေမအုံကျေးရွာမှ အိမ်ထောင်စု(၁၈)စုရှိ ကျား(၄၆)ဦး+မ(၄၅)ဦး၊ ပေါင်း(၉၁)ဦးတို့သည် ဆိုင်ကလုန်း Shelter သို့လည်းကောင်း၊ သို့ပါ၍ ယနေ့အထိ အိမ်ထောင်စု(၄၆)စုမှ ကျား(၁၁၆)ဦး+မ(၁၁၅)ဦး၊ ပေါင်း(၂၃၁)ဦးတို့သည် ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ သတင်းရရှိသည်။
အလားတူ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန-မြို့နယ်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးနှင့်(၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန-ဝန်ထမ်းအိမ်ရာတို့တွင် မြစ်ရေများဝင်ရောက်နေမှုကြောင့် ဌာနပိုင်ပစ္စည်းများကို ရေလွတ်ရာနီးစပ်ရာနေရာများသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်အတွင်း မြစ်ရေများလျော့ကျစေရေးအတွက် အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီး အောင်ကိုလတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဝင်များ ကြီးကြပ်၍ ရေထိန်းစက်ရုံရှိ ရေစုပ်စက်(၂)လုံးဖြင့် (၈လက်မ)ရေထွက် ပိုက်(၄)လုံးဖြင့် မြို့အတွင်းရှိရေများကို စုတ်ထုပ်ပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာသာမန်မြစ်ရေအထက်(၁၇ပေ)ဖြစ်ပြီး၊ အန္တရာယ်ရေအမှတ် မှာ(၂၄ပေ)သတ်မှတ်ထားကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)