သာပေါင်း ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(သဲဖြူ)တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းကို ပိတောက်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သာပေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်က ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများကြား ဆွေးနွေးပြောဆိုတက်သည့် အလေ့အထများဖြစ်လာစေရန်၊ အသိပညာ၊ ဗဟုသုတ ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ အစုအဖွဲ့ဖြင့် ပြောဆိုဆောင်ရွက်မှုများရှိလာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စတင်၍ မောင်နိုင်မင်းကို(Grade-11)မှ “လူငယ်နှင့်ကိုယ်လက်လှုပ်ရှား အားကစား”၊ မောင်နိုင်ထက်ကျော်(Grade-11)မှ “လူငယ်နှင့်မူးယစ်ဆေး”၊ မောင်ဇေယျာမင်းထိုက်(Grade-11)မှ”လူငယ်နှင့်ကိုယ်ကျင့်တရား”၊ မအိမ့်ချစ်ပိုင်(Grade-10)မှ”လူငယ်နှင့်စည်းကမ်း”၊ မဝင်းစန္ဒာစိုး(Grade-9)မှ”လူငယ်နှင့်စာပေ” ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(သဲဖြူ) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းမင်းက ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စုံလင်စွာဖြင့် စာအုပ်များ၊ နံရံကပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း