ပိုင်ကျုံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ပိုင်ကျုံ ဩဂုတ် ၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုတို့ကြောင့် ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား စားနပ်ရိက္ခာအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

 ပိုင်ကျုံမြို့ ကော့နွဲကျေးရွာအုပ်စု ကဇိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း ရေးဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၃၄ စုနှင့် ဝင်းဖရကျေးရွာအုပ်စု၊ ဝင်းဖရဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုငါးစု အိမ်ထောင်စုပေါင်း ၃၉ စုတို့အား  ရေဘေးကျရောက်နေစဉ်အတွင်း လိုအပ်သည့် စားနပ်ရိက္ခာ များကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းပြီး သဘာဝဘေးနှင့် ပတ်သက်သည့် ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးက စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)