ဟင်္သာတ သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းနှင့် ပတ်သက်၍ ခရိုင်အဆင့်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် စိုက်/တိုး/မြင့်အဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ကော်မတီဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများအား စနစ်တကျမှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာချုပ်ချုပ်ရမည်ဖြစ်သဖြင့် ချေးငွေရယူမည့်သူများထံမှ အာမခံပစ္စည်းများ အထောက်အထား ခိုင်မာမှုရှိစေရေး သေချာစွာစိစစ်ရမည် ဖြစ်ကြောင်း၊ ချေးငွေရယူမည့် လုပ်ငန်းများမှ အာမခံတင်ပြထားမှုနှင့် ပတ်သက်၍ ကော်မတီဝင်များမှ ဝိုင်းဝန်းစစ်ဆေးကြရန် ဖြစ်ကြောင်း၊ သဘာဝမြေဩဇာ သွင်းအားစုများအား တောင်သူလက်ဝယ်သို့ (၈)လပိုင်းအကုန်တွင် အပြီးသတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ (၈၆)ဘီလီယံဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကော်မတီဝင်များမှ သွားရောက်စစ်ဆေးကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်/တိုး/မြင့်အဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှ စာချုပ်ချုပ်ဆိုမှုများနှင့် ပတ်သက်၍ စိစစ်ပြီးလိုအပ်သည်များ ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ဟင်္သာတခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်(ပြန်/ဆက်)