ကျုံပျော်မြို့နယ် အုန်းသုံးပင်ကျေးရွာရှိ အိမ်ထောင်စု(၁၂၀)အား အခြေခံစားကုန်များ လှူဒါန်း

ကျုံပျော် ဩဂုတ် ၈

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလှူရှင်များလှူဒါန်းသည့် အခြေခံစားကုန်များအား အိမ်ထောင်စု (၁၂၀)ထံသို့ အခမဲ့လှူဒါန်းခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ ကုန်းမဲဇလီကျေးရွာအုပ်စု၊ အုန်းသုံးပင်ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ပရဟိတအဖွဲ့ တာဝန်ရှိသူများက အလှူရှင်များ ပေးပို့လှူဒါန်းထားသည့် ဆန်နှင့် ပစ္စည်းများအား ကုန်းမဲဇလီကျေးရွာအုပ်စုအတွင်းရှိ နွမ်းပါးအိမ်ထောင်စု (၁၂၀) အတွက် တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ဆီ (၂၅)ကျပ်သား၊ ကြက်သွန်နီ (၂၅)ကျပ်သားနှင့် ဆား (၁)ထုပ်တို့အား ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်‌ရှေ့တွင် အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အမဲသားနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် အခါအားလျော်စွာ ရောင်းချပေး‌ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍လည်း စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ကျေးရွာများသို့ လိုက်လံရောင်းချပေးခြင်းများ ဆောင်ရွက်သဖြင့် လာရောက်ဝယ်ယူသည့် ပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)