ကသာမြို့ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်

ကသာ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ကသာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က တောင်သူ ဦးနော်လီ၊ ဦးစာနှင့် ဦးအောင်သူတို့၏ ကွင်းအမှတ်(၇၁၆)၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ဒေသခံတောင်သူများအား “အယ်နီညိုရာသီဥတုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခြင်း၊ သီးနှံအထွက်နှုန်း ထိခိုက်နိုင်ခြင်းများဖြစ်ပါ်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အယ်နီညိုရာသီဥတုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများ၊ ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျသုံးစွဲရန် စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သွင်းအားစုရယူဆောင်ရွက်ကြမည့် တောင်သူများ တက်ရောက်ကြပြီး ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက တောင်သူများကို သဘာဝဓာတ်မြေဩဇာ၊ ဂျစ်(ပ်)ဆန်မြေဩဇာနှင့် စပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကွင်းအမှတ်(၇၁၆)စိုက်ခင်းတွင် လက်တွေကွင်းသရုပ်ပြခဲ့ရာ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ကသာမြို့နယ်အတွင်း မိုးစပါးစိုက်ဧက(၃၈၅၀၀)ဧကလျာထားပြီး မိုးရာသီမကုန်မှီ ပြည့်မှီကျော်လွန်အောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကျော်စွာ(ကသာ)