ပန်းတောင်း သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လဲကျေးရွာရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့်ပိုလျံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်းစပ်မျိုး (၁) မိုးနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးနည်းပညာပံ့ပိုးကူညီမှုများဖြင့် နေကြာစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယခုလို နေကြာစိုက်ခင်းများ အောင်မြင်စေရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများက စနစ်တကျ စိုက်ပျိုးရေး နည်းပညာများ ကူညီပံ့ပိုးပေးပြီး သွင်းအားစုအနေဖြင့် ထယ်ရေးနှစ်လွှာထွန်ယက်ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချကာ နေကြာစိုက်ခင်း(၃)ဧကတွင် နွားချေး၊ မြေဆွေး၊ ယူးရီးယား၊ တီစူပါနှင့် ပိုတက်ရှ်တို့ကိုအချိုးမျှတစွာ ထည့်သွင်းစိုက်ပျိုးပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီမည့်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းရှိသော နေကြာမျိုးစေ့ကို မြေအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးပြီး သတ်မှတ်အပင်အရေတွက်ညီစေရန် တန်းကြား ၂ပေ၊ အပင်ကြား ၉လက်မ ဖြင့် မျိုးစေ့နှစ်စေ့နှုန်းဖြင့် စနစ်တကျစိုက်ပျိုးခဲ့သဖြင့် ယခုကဲ့သို့ အပင်များမြင့်ထွားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် မိမိတို့ဒေသအတွက် နေကြာဆီများပိုလျံစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း နေကြာစိုက်တောင်သူ ဦးအောင်နိုင်ထွန်းထံမှ သိရသည်။
လပြည့်လင်း (ပြန်/ဆက်)