ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ      ဩဂုတ်    

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ဘဏ္ဍာ‌ရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၇ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာများက  ဒေသခံကျေးလက်နေပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၁ ဒသမ ၁ သန်း အသုံးပြု၍  လမ်းအရှည်ပေ ၁ မိုင်အား လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် တင်ဒါအောင်မြင်သည့် တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား တင်ဒါပါစည်းကမ်းချက်များနှင့်အညီ သတ်မှတ်လမ်းအကျယ်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ တိုင်းတာစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအတွက် ပစ္စည်းစုဆောင်း ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးလက်ကုန်ထုတ်လမ်းအား ဒေသခံပြည်သူများအတွက် ရေရှည်အသုံးသွားလာ နိုင်ရန် အရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်‌နေမှုမှာ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကာ ယင်း ကုန်ထုတ်လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အကျိုးပြုအိမ်ခြေ ၇၉၀ ရှိ လူဦးရေ ၃၆၃၉ ဦး၏ စိုက်ပျိုးလယ်မြေဧက ၇၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )