ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး လူနေအိမ်များ၌ ရေများဝင်ရောက်

ရှမ်းရွာသစ်   ဩဂုတ် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ဩဂုတ်လ(၅)ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များ၊ လယ်ယာမြေများ၌ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး တောင်ကျရေများ စီးဆင်းရာမှ ချောင်းရေများရေလျှံပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ လယ်မြေများတွင် တောင်ကျရေများ ဝင်ရောက်လျက်ရှိကြောင်း၊  အဆိုပါလူနေအိမ်များနှင့်လယ်ယာများ ရေကြီးမှုများဖြစ်ပွားရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းပြီးလိုအပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပေါင်းစပ်ကူညီပေးလျက်ရှိကြောင်းနှင့် လူများ၊ တိရစ္ဆာန်များလည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)