နတ်မောက် ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများ စျေးကောင်းရရှိကြောင်း စိုက်ပျိုးသူကိုအုန်းလွင်ထံက သိရသည်။
“ကျွန်တော်တို့ တောင်သူများအနေနဲ့ မိရိုးဖလာစိုက်ပျိုးနေကြ နှမ်း၊ မြေပဲများအပြင် ရာသီမရွေး မြေအောက်ရေသွင်းခြင်းဖြင့် ပြောင်းဖူး၊ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်း၊ ကြက်ဟင်းခါးသီး၊ ဖရုံသီး၊ ဘူးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါတယ်၊ ခုဆိုရင် ကျွန်တော် ဖူးစားပြောင်း(၂)ဘူးစိုက်ပျိုးထားတာ ဘဲဖြစ်ပါတယ်၊ ဖူးစားပြောင်းအပင်ကို မိမိအိမ်ရဲ့ ကျွဲနွားစာအဖြစ် ရိတ်ကျွေးပြီး အဖူးများကိုတော့ ဈေးကွက်ကို တင်ပို့ရောင်းချကြပါတယ်၊ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရသလို ကျွဲနွားစာလည်း မပူရတာပေါ့ဗျာ၊ ခုစိုက်ပျိုးထားတာကတော့ စိုက်ပျိုးရေးဆိုင်များမှ တစ်ဘူးကို (၂၄၀၀၀)ကျပ်နဲ့ သွားရောက်ဝယ်ယူထားရှိတဲ့ လေယာဉ်စိမ်းတံဆိပ်ရှိတဲ့ အဖြူမျိုးဖူးစားပြောင်း စိုက်ထားတာပါ။ ဖူးစားပြောင်းကို စိုက်မယ်ဆိုရင် ပင်ကြားတန်းကြား(၁)တောင်ပတ်လည် ထားရှိရပါတယ်၊ စိုက်ပြီး ရက်(၂၀)သားရှိရင် အပင်ခြေရင်းအား မြေကိုဆွပေးပြီး မြေဩဇာကျွေးပေးရပါ တယ်၊ (၄၅)ရက်ပြည့်တဲ့အခါမှာ အဖူးစဖူးပြီး (၆၅)ရက်ဆိုရင် ရောင်းတန်းဝင် ဖူးစားပြောင်းများ စတင်ခူးယူလို့ရပါပြီ၊ ထွက်ရှိလာတဲ့ ဖူးစားပြောင်းများကို ယာထဲမှာ လာဝယ်တဲ့သူရှိသလို မြို့မစျေးကိုလည်း တင်ပို့ရောင်းချပါတယ်၊ လက်လီစျေးအနေနဲ့ တစ်ဖူးကို (၃၀၀) ရောင်းရပြီး လက်ကားစျေးအနေနဲ့ကတော့ (၂၈၀) ရောင်းရပါတယ်” ဟု ဖူးစားပြောင်းစိုက်ပျိုးသူ ကိုလှဌေး ကပြောသည်။
မူမူစန်း