ပေါက်ခေါင်းမြို့ အ.ထ.က(အိုးဘိုကုန်း)၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာမြို့နယ်ပညာရေးမှူးဆရာကြီးဦးအေးလှိုင်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ဓမ္မသော်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းဇော်က ကျောင်းကျန်းမာရေးသီတင်းပတ်၏ အဓိကလုပ်ငန်းများဖြစ်သော ကျောင်းအခြေပြုအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အကြောင်းအရာများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှား ဆောင်ရွက်မှုအထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု နံရံကပ် ပန်းချီ၊ ပိုစတာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)