ပခုက္ကူမြို့နယ်၌ အသက်၂လမှ ၁၈လအတွင်းကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် နှစ်ထောင်လေးရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီးစီး

ပခုက္ကူ ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိရာ ယခုလတွင် အသက် ၂လမှ၁၈လအတွင်း ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်းနှစ်ထောင်လေးရာဦးကျော်တို့အား ထိုးနှံပြီးစီးကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ပခုက္ကူမြို့ရှိ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁) နှင့် (၂) တို့၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၁ရက်နေ့မှစတင်ပြီး အသက် (၂) လမှ (၁၈) အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ကြရာ ဩဂုတ်လ၇ရက်နေ့အထိ ကလေးငယ် (၂၃၆၁) ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၁၄) ဦး၊ စုစုပေါင်း (၂၄၇၅) ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် (ပြန်/ဆက်)