ကေ့ာကရိတ် သြဂုတ် ၇
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အခြေခံအိမ်သုံး လျှပ်စစ်ပစ္စည်းများပြုပြင်နည်း သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၁)နာရီချိန်က ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကေ့ာကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက သင်တန်းသားများအနေဖြင့် နည်းပြများ သင်ကြားပို့ချပေးသည့် စာတွေ့လက်တွေ့ ဘာသာရပ်များကို လက်တွေ့တွင် ပြန်လည် အသုံးချနိုင်သည့်အထိ စနစ်တကျလေ့လာ သင်ယူကြရေး စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထိုနောက် ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးကြည်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းအတွက် လုပ်ငန်းသုံးပစ္စည်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပစ္စည်းများပေးအပ်ရာ သင်တန်းသားများမှ လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းကို ကေ့ာကရိတ်မြို့ ဘုရားကုန်းကျေးရွာတွင် သြဂုတ်လ ၇ ရက်နေ့မှ သြဂုတ်လ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း
ခရိုင်(ပြန်/ဆက်)