တနင်္သာရီမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် တပ်ဖွဲ့ဝင်များအား စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီ ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ လမ်းညွှန်မှုအရ တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးရုံးခန်းအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို စက်လှေဖြင့် ဆောင်ရွက်ရာတွင် စက်လှေကိုကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်တတ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များအား စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း (၁/၂၀၂၃)ကို ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ကြွယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ချောင်းငယ်ရပ်ကွက်-အရန်မီးသတ် တပ်ဖွဲ့ ဒုတပ်ရင်းမှူးအေးနိုင်၊ ဒုတပ်ခွဲမှူး ခင်မောင်မြင့်နှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့မီးသတ်တပ်ဖွဲ့ရှိ မီးသတ်ရေယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်အောင် ယခုသင်တန်းမှာ ကျိုးစားသင်ယူကြပါရန် အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြသည်။

ထို့နောက် သင်တန်းနည်းပြ ဒု-ဦးစီးမှူး ဦးသူရိန်စိုးက မီးသတ်တပ်ဖွဲ့ဝင်များအား မြစ်ရေပြင်အတွင်း ဖိုဘာလှေဖြင့် ကိုင်တွယ်မောင်းနှင်မှု စတင်သင်ကြားပေးနေမှုများကို အမှတ်(၂) စစ်နယ်မြေမှူး၊ ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

၎င်းသင်တန်းတွင် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၅)ဦးနှင့် အရန်မီးသတတပ်ဖွဲ့ဝင်(၅)ဦး၊ စုစုပေါင်း(၁၀)ဦး တက်ရောက်ကြမည်ဖြစ်၍ နည်းပြဆရာ(၄)ဦးတို့က မီးသတ်တပ်ဖွဲ့ဥပဒေ/ နည်းဥပဒေများ၊ ရေယာဉ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ရေယာဉ်ပါပစ္စည်းကိရိယာများ၊ မီးသတ်ပစ္စည်းကိရိယာများ ကိုင်တွယ်ထိန်းသိမ်းနည်း၊ တစ်ဦးချင်းရေယာဉ် လက်တွေ့မောင်းနှင်ခြင်းနှင့် ဆန်းစစ်လက်တွေ့ မောင်းနှင်ပြသခြင်း၊ စသည့်ဘာသာရပ်များဖြင့် ဩဂုတ်လ ( ၇ ရက်နေ့ မှ ၁၈ ရက်) အထိ ရက်သတ္တ(၂)ပတ်အကြာ စာတွေ့/လက်တွေ့သင်တန်း သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)