မြိတ်မြို့တွင် စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်

မြိတ် ဩဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စက်လှေမောင်းနှင် ပိုမိုကျွမ်းကျင်စေရန်နှင့် ပြည်သူလူထုအား ထိရောက်စွာ ကူညီပေးနိုင်စေရန်အတွက် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့ နံနက်(၁၀)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို မီးသတ်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသည့် ရှာဖွေကယ်ဆယ်ရေး ရေယာဉ်အမျိုးမျိုး ကိုင်တွယ်မောင်းနှင်ရာ၌ ရေယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ် သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြင်မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေ များကို ကျွမ်းကျင်စွာ မောင်းနှင်တတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် လက်တွေ့ရေယာဉ် မောင်းနှင်ခြင်း၊ စက်လှေတစ်စီး၏ အခြေခံဖြစ်သော အလုပ်လုပ်ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနှင့် အဓိကအစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ပဲ့ထိန်းစနစ် အလုပ်လုပ်ပုံ၊ မီးငြှိမ်းသတ်ရေးအတွက် ရေစုပ်ရေပက်ခြင်းသင်ခန်းစာများ၊  စက်လှေနှင့်သက်ဆိုင်သော သင်ခန်းစာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းများအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်များကို ပိုမိုကျွမ်းကျင်အောင် စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက  အမှာစကားပြောကြား၍  ဖွင့်လှစ်ပေးသည်။ သင်တန်းကို သ‌န္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တပတ် (၂)ပတ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)