ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ MSMEs စီးပွားရေးလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show

ထားဝယ် သြဂုတ် ၈

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်း၍ MSMEs စီးပွားရေးလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က ဌာနအနေဖြင့် ပြည်သူများအား စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ် ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် MSMEs စီးပွားရေးလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်စိုးက  နိုင်ငံ၏စီးပွားရေးယန္တရား တည်ဆောက် ပေးသူများဖြစ်သော MSME များ ရှင်သန်ဖွံ့ဖြိုးစေရန်၊ ပိုမိုထိရောက်စွာပံ့ပိုးပေးနိုင်ရန်နှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်ရာတွင် အထောက်အကူပြုဖြစ်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို(၉-၄-၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို (၂၄-၁၂-၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေကို (၁၃-၁၀-၂၀၁၆) ရက်နေ့တွင်လည်းကောင်း အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ဌာနခွဲများအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က ရှင်းလင်းဆွေးနွေး ပြောကြားပေးသော အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး အားကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပွဲ Talk  Show ကို ဆက်လက်ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)