မိုးညို ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တိရစ္ဆာန်အစာပင်(နေဗီယာမြက်)မျိုး ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
တိရစ္ဆာန်အစာပင်(နေဗီယာမြက်)မျိုးပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းသန်းစိုးက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမိုးဇော်က တိရစ္ဆာန်အစာပင် မျိုးဖြန့်ဖြူးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသည့် ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားကျက် မြေများတွင်စိုက်ပျိုးနိုင်ရန်အတွက် နေဗီယာမြက်ပျိုးပင်နှင့် မွန်ဘာဆာ၊ စတိုင်လို၊ နှံပြောင်း၊ ရူဇီ စသည့် မျိုးစေ့ထုပ်များကိုပေးအပ်ခဲ့သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် နေဗီယာမြက်မျိုးများကို စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာလုံလောက်စွာ ရရှိစေရန်၊ စံပြစားကျက်စိုက်ခင်းများ စိုက်ပျိုးထားရှိပြီး မျိုးဖြန့်ဖြူးခြင်းဖြင့် အရေအသွေး ကောင်းစားကျက် များတိုးပွားလာစေရန်၊ အရည်အသွေးကောင်းစားကျက် များတိုးပွားလာစေခြင်းဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်မြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရေး အထောက်အကူဖြစ်လာစေရန် ရည်ရွယ်၍ နေဗီယာမြက်မျိုး ဖြန့်ဝေပေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)