ဘားအံ ဩဂုတ် ၈
ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဘားအံ)တွင် အနာဂတ် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂဗလငါးတန်. ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်းကို အဆိုပါ သင်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်နှင့် ဆရာ/ဆရာမများ ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် လူငယ်နှင့် ရည်မှန်းချက် ၊ လူငယ်နှင့်စာရိတ္တ ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ၊ လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးသန်းအောင် (မောင်လူဝိုင်း)က လူငယ်နှင့်အနာဂတ်တာဝန် ခေါင်းစဉ်များဖြင့်လည်းကောင်း အသိပညာပေး ဟောပြောပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Moderator အဖြစ် ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဘားအံ) မှ ကျောင်းသား/ကျောင်းသူများက မိမိကိုယ် မိမိ ချစ်ပါ၊ ဂျပန်တို့၏ အသက်ရှည် ဘဝနေနည်း ၊ အရှက်ကွဲရခြင်းသည် နောင်တရခြင်းလောက် မဆိုးပါ ၊ ဘယ်တော့မှဇွဲမလျော့ပါနဲ့ ၊ အကြောက်တရာကလွဲရင် ဘာကိုမှ ကြောက်စရာမလို ၊ ကောက်ရိုးမီးသွေး ပဲကြီးစေ့ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်း ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)