ပုသိမ် ဩဂုတ် ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပုသိမ်မြို့၊ ပုသိမ်ရေကူးကန်ပွဲကြည့်စင်ပါ Indoor Stadium (၃၈၀ပေ×၁၄၀ပေ) မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါမြို့ ကန်သုံးဆင့်တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မင်္ဂလာဘိသေက ပညာရှင်က မင်္ဂလာအခါတော်ကြား စာတမ်းအားဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ သိမ်ရေကူးကန်ပွဲကြည့်စင်ပါ Indoor Stadium (၃၈၀ပေ×၁၄၀ပေ)မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ၊ တောင်သူ ဦးစိုးအောင်၏ လယ်မြေ (၁.၅)ဧကတွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုးတော် ဆင်းသုခ(RS)မျိုးစေ့ထုတ် စိုက်ခင်း စနစ်တကျစိုက်ပျိုးနေမှုနှင့် မြို့နယ်ထွန်းတုံးပိတ်ပွဲအား ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်သမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုးတော် စိုက်ဧက တစ်သိန်းနှစ်သောင်းကိုးထောင်ကျော်၊ သဲဆန်ကုန်းချော စိုက်ဧက နှစ်ထောင်ကျော်တို့အား ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)