ကြို့ပင်ကောက် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ရွှေပန်းတောနယ်မြေ မီးသတ်တပ်ဖွဲ့စခန်းတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ရန်ကုန်မှ ထောက်ပံ့သော မီးသတ်ရေသယ်ယာဉ်လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးသတ်ရေသယ်ယာဉ် ရရှိခဲ့ပုံနှင့် လာမည့် ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လာနိုင်သော မီးဘေးအန္တရာယ်များကို အသိပညာပေး အဖွင့်အမှာစကား ပြောကြားပြီး
မြို့နယ်မီးသတ်စခန်းမှူး ဦးဝေယံဦးက တာဝန်ကျမီးသတ်တပ်ဖွဲ့ဝင်များမှ စနစ်တကျ ထိန်းထိန်းသိမ်းသိမ်း အသုံးပြုသွားကြရန် မှာကြားခဲ့သည်။
ထို့နောက် အလယ်ကုန်းနယ်မြေ ရဲစခန်းမှူ ရဲအုပ်သူရနိုင်နှင့် ရွာမိရွာဖတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က မီးသတ်ရေသယ်ယာဉ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား ရွှေပန်းတောနယ်မြေ လက်ထောက် မီးသတ်ဦးစီးမှူး ဦးအေးမင်းထွန်းထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ရွှေပန်းတောနယ်မြေ မီးသတ်တပ်ဖွဲ့စခန်းသည် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိကျေးရွာများ၏ မီးဘေးလုံခြုံရေး လုပ်ငန်းများကို နယ်မြေမီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် ၅ ဦးတို့က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိရာ ယခုနယ်မြေ မီးသတ်တပ်ဖွဲ့အပိုင် ရေဂါလံ ၁၆၀၀ ဆံ့ဒေါင်ဖန်း မီးသတ်ရေသယ်ယာဉ်တစ်စီး ရရှိခဲ့ပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)